နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

29 April, 2010

ဒေါသကို ဘယ်လိုပယ်မလဲ

ဒီမေးခွန်းရဲ့ အဖြေကို စာရေးသူ ကိုယ်တိုင်လည်း သိပ်သိချင်နေတာပါ။

ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက "ဒုတ်. ဒုတ်" “ဒုတ်. ဒုတ်"နဲ့ အိပ်မပျော်တော့ပါဘူး။ ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။ အဲဒီ အိပ်မပျော် တာ တစ်ချက်နဲ့တင် ဒေါသမဖြစ်ချင် တာပါ။
မဖြစ်ချင်ပေမယ့် ဖြစ်နေရတုန်းပါ။ အနာဂါမ် မဖြစ် သရွေ့တော့ ဖြစ်နေရဦးမှာပါ။ ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။

မဟာစည်ဆရာတော်ဘုရားကြီးက ဒေါသနဲ့ ပတ်သက်လို့ ၀မ္မိကသုတ်တရားတော်မှာ မျက်မှောက်ခေတ် တကယ့်ဖြစ်စဉ် ဇာတ်လမ်းလေး တစ်ပုဒ်ကို ထည့်ဟောထားဖူးပါတယ်။

ဟောစဉ်တရားတော်က ဒီလိုပါ။

“တစ်ခါက..
သုဓမ္မ၀တီပုံနှိပ်တိုက်က တိုက်အုပ် ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးက မှတ်ဖွယ် ၀တ္ထုကလေး တစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာ ဒကာလူ ကြားကောင်း ကြားဖူးပါ လိမ့် မယ်။ အဲဒီ ဦးပန်းမောင်က ရေဒီယိုထဲက နေပြီးတော့ "မဖြစ်စလောက်တရားတော်" ဟောမယ်ဆိုလို့ "ဘာများ ဟောမှာ ပါလိမ့်မတုန်း"လို့ ဘုန်းကြီးက နားထောင်နေတယ်။ သူ ပြောပုံက မဖြစ်စလောက်ကလေးနဲ့လည်း ဒုက္ခဖြစ်တတ်တယ်၊ မဖြစ်စလောက်ကလေးပဲ ဆို ပြီးတော့ မရိုမသေ မလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူရော အဲဒီတုန်းက မကြားလိုက်ဘူးလား၊ မကြားဖူးတဲ့သူတွေကပဲ များပါလိမ့်မယ်။ မဖြစ်စလောက် တရားတော်တဲ့၊ သူ့  ဥစ္စာကောင်း တယ်၊ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။ ဖြစ်ပုံကလည်း ဆန်းတယ်၊ ဘယ်လို လဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီး အတူနေကြတဲ့ ဦးပဉ္စင်း နှစ်ပါး ရှိပါသတဲ့ ။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်း သူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အနေနဲ့ ၀ှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဉ္စင်းက ရေးချိုးပြီးတဲ့အခါ ဖိနပ် စီးမယ်လို့ ကြည့်လိုက် တော့ သူဖိနပ် ကို မတွေ့ရဘူး။ မတွေ့ရတော့ အဲဒီ ဦးပဉ္စင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့ သူက ပြောတယ်။ ပေါ့ပေါ့ဆဆ ပြောလိုက်တာပါပဲ။ " ဟေ့… ငါ့ဖိနပ်ကို ဘယ်ခွေးချီသွားမှန်း မသိဘူး" လို့ ပြောလိုက်သတဲ့။ ဒီတော့ ဖိနပ် ၀ှက်ထားတဲ့ ဦးပဉ္စင်းက စိတ်နာလိုက်တာ မပြောပါနဲ့တော့။ " ငါ့ကို ခွေးဖြစ်အောင် ဆိုတယ်"လို့ အတွေးခေါင်ပြီးတော့ စိတ်နာလိုက်တာတဲ့။ ဟို ဖိနပ်ရှင် ဥိးပဉ္စင်းကတော့ စေတနာ မပါပါဘူး၊ ခပ်ပေါ့ပေါ့ ပြောလိုက်တာပါပဲ၊ စိတ်နာလောက်အောင်လို့ ပြောလိုက်တာ မဟုတ်ပါဘူး။ သူ့ဖိနပ် ပျောက်သွားတော့ ဒီလိုပြောရမှာပဲ။ ဖိနပ် ခွေးချီတယ်လို့ ပြောတာဟာ ပြောရိုး ပြောစဉ်ပဲ။ အပြောခံရတဲ့ ဦးပဉ္စင်းကတော့"ငါ့ ကိုခွေးဖြစ်အောင် ပြောရမလား"ဆိုပြီး စိတ်ဆိုးတာနဲ့ အုတ်ခဲကြီးနဲ့ ဖိနပ်ရှင် ဦးပဉ္စင်းရဲ့ ခေါင်းကိုထုလိုက်တာ ပျံလွန်တော်မူရှာသတဲ့။ အောင်မယ် ပြောတာကတော့ သူ့ ဥစ္စာ မဖြစ်စလောက်ပဲ။ ဒါပေမဲ့ ပြောတဲ့ ဦးပဉ္စင်းမှာ ပျံလွန်တော်မူရတယ်။ အုတ်ခဲနဲ့ ထုတဲ့ ပုဂ္ဂိုလ်လည်း ရာဇ၀တ်ပြစ်မှုကြီး ဖြစ်ရတယ်"။

(၀မ္မိကသုတ်တရားတော် - နှာ -၁၃၉၊ ၁၄၀၊ ၁၄၁။)

စာရေးသူတို့ မမီလိုက်တဲ့ တရားတစ်ပုဒ်ကို ဆရာတော်ဘုရားကြီး ပြန်ဟောပြလို့ သိခွင့် ရတာပါ။

ဇာတ်လမ်းလေးက စာကတစ်ဆင့် ဖတ်ရရုံနဲ့တင် ကြက်သီးထစရာပါ။ စိတ်သဘော မွန်မြတ်မှု လေးတွေကတော့ အတိုင်းအတာ တစ်ခုအထိ ရှိနေမှာပါ။ ဒါပေမယ့် ဖြစ်လာတဲ့ဒေါသကို မထိန်းလိုက်နိုင်တဲ့ အတွက် ကာယကံမြောက် ကျူးလွန် မိသားဖြစ်သွားရတာပါ။
ဒါမျိုးလေးတွေက လူလောကမှလည်း အများကြီးပါပဲ။ ဒေါသအလျောက် ရာဇ၀တ်သင့်နေတဲ့ ထောင်ထဲက သူတွေကို လော့လာကြည့်ရင် ပင်ကိုယ် ဓာတ်ခံအားဖြင့် စိတ်ထားလေးတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ဖျက်ခနဲ ဖြစ်လိုက်တဲ့ ဒေါသကို ဖျက်ခနဲ မထိန်းလိုက်နိုင်တဲ့အတွက် ဖျတ်ခနဲ ပြုမိသွားကြတာပါ။ သတိဝင်တဲ့အခါမှာ အားလုံးကျူးလွန် ပြီးသား ဖြစ်နေပါပြီ။ ဒီလို ကျူးလွန်မိလိုက်တာကို "ငါ ပြုမိလိုက်တာမှ ဟုတ်မှ ဟုတ်ပ့ါမလား" ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် မယုံပါဘူး။ ဒါပေမယ့် အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ။ နောက်ဆုံးတော့ လောကပြစ် ဓမ္မပြစ်တွေကို နင့်နင့်ကြီးခံစားသွား ရတော့တာပါ။

တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက် မှာပဲ ဖြစ်နေပြိး ၀စီကံ ၊ ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင် ရင် အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။

အနာဂါမ်မဖြစ်သရွေ့ တော့ ဒေါသက ရှိနေဥိးမှာပါ။ ဒါပေမယ့် ဖြစ်ဦးတော့ မနောကံ အဆင့်မှာပဲ ထိန်းထားလိုက်နိုင်အောင် ကြိုးစားရပါမယ်။ မနောကံ အဆင့် မှာပဲ ဖြစ်နေတာ ဆိုတော့ သူတစ်ပါး မသိပါဘူး။ ဒီတော့ ကိုယ့်ကိုလည်း သူတစ်ပါးက အထင်မသေးတော့ ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ် ဒေါသ ထွက်တာ လူသိသွားပါပြီ ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။

ဦးဇင်လေးနှစ်ပါးရဲ့  ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ နှိုင်း ယှဉ် ကြည့် ရအောင်ပါ။

တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင် ခုတ်ပါတယ်။ အဲဒီ သစ်ပင်မှာ သားငယ်တစ်ဥိးနဲ့ နေနေတဲ့ နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ရဟန်းက စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာ
နတ်သမီးရဲ့  သားငယ်လေးလက်ကို ထိခိုက်သွားပါတယ်။ ဒီတော့ နတ်သမီးက ဒေါသအကြီး အကျယ် ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ ဒေါသကို ထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။

ဒီတော့ မြတ်စွာဘုရားက "ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာ သိပ် ကောင်းတာပဲ။ တကယ်လို့ ချစ်သမီးက အဲဒီအရဟန်းရဲ့ အသက်ကို အန္တရယ်ပြုလိုက်ရင် ချစ်သမီးအတွက် အကုသိုလ်တွေ တိုးပွားသွားလိမ့်မယ်"လို့ အားပေးနှစ်သိမ့်စကား ပြောလိုက် ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့ သစ်ပင်တစ်ပင်မှာ နေဖို့ ပေးလိုက် ပါတယ်။

အုတ်ခဲနဲ့ ထုတဲ့ ရဟန်းငယ်လေးကော၊ နတ်သမီးလေးကော ဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက ကာယကံနဲ့ ၀စီကံကို မထိန်းလိုက်နိုင်ပါဘူး။ နတ်သမီးလေးက ကာယကံ နဲ့ ၀စီကံကို ထိန်းလိုက်နိုင်ပါတယ်။ ဒေါသ ဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်း နိုင်ခြင်းနဲ့ မထိန်းနိုင်ဖြင်း ကွာသွားပါတယ်။

ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်းလေးကို ကောင်းကောင်း ထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့ အပြစ်ဆိုးကျိုးကြီးကို ရလိုက်တော့တာပါ။

ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်သမိးလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးက ဖြစ်လာတဲ့ ဒေါသကို ထိန်းပြီး အားကိုးလေးစားရာ မြတ်စွာဘုရားကို သွားလျှောက်တာပါ။ သွား လျှောက်တော့ အမှားမဖြစ်တော့ပါဘူ။

ကိုယ်က ဒါလေးကို နည်းယူပြီး ဒေါသဖြစ်လာတဲ့ အခါ ကိုယ်လေးစားရတဲ့ တရားအသိ အတော်အတန်ရှိတဲ့ ဆရာသမား၊ မိဘ မိတ်ကောင်းဆွေကောင်း တစ်ဥိးဥိးဆီ ပြောပြလိုက်ဖို့ ပါ။ ဆရာမိတ်ဆွေတွေရဲ့ တရားစကားလေး တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသ က ပြေသွားတာများပါတယ်။ ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။ ဒေါသ ဖြစ်လာတဲ့အခါ ကိုယ်တိုင် မဆုံးဖြတ်ဘဲ ကိုယ့်ထက်အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင် ပင်ပြီးမှ လုပ်တာက အကောင်းဆုံးပါ။ ဒေါသဖြစ်နေတုန်း ကိုယ့်သဘောနဲ့ ကိုယ် ဆုံးဖြတ်ရင် မှားတာများပါတယ်။

ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဥိးဦးကို ရင်ဖွင့် ပြောပြလိုက်ပါ။ ရင်ဖွင့်လိုက်ရင် စိတ်က ပေါ့သွားတာ များပါတယ်။

တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး "ကိုယ့်ကို ဒီလို စောကားတာ ငြိမ်ခံမနေနဲ့၊ ပြန်သာ ဆော်ပစ်လိုက်ပါလား၊ ငါဘာကူညိရမလဲ" ဆိုပြီ မြှောက်ပေးတဲ့သူ မဖြစ်ဖို့တော့ လိုပါတယ်။ အဲဒီလို တရားအသိအားနည်းတဲ့ သူမျိုးများ သွားတိုင်ပင်မိရင် ကိုယ်က မကျူးလွန်ချင်ဥိးတော့ သူကြောင့် ကျူးလွန်ချင် စိတ်တောင် ဖြစ်သွား ဦးမှာပါ။

လူ သုံးမျိုးတွေ့ရပါတယ်။

ဒေါသမဖြစ်အောင်နေတဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ် ဒေါသ ဖြစ်နေမှန်း မသိဘဲ ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။

တစ်ချို့ က ဒေါသမဖြစ်အောင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံးပြုံးပြုံး နဲ့ပါ။ မျက်နှာ ကလည်း ကြည်လင် နေတာပါ။ ဒေါသမဖြစ်တော့ စိတ်က ကြည်နေ၊ စိတ်ကြည်နေတော့ ရုပ် ကပါ လိုက် ကြည်လင်နေတာပါ။

တစ်ချို့ ကျတော့ အလိုမရှိတဲ့ အာရုံ တစ်ခုခုကို တွေ့ပြီး ဒေါသတော့ ဖြစ် လိုက် တာ ပါပဲ။ ဒါပေမယ့် ကိုယ်ဒေါသဖြစ်နေမှန်းကို ချက်ချင်းသိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရ တဲ့ နည်း တစ် ခုခုနဲ့ ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့် ဖြစ်တဲ့ ဒေါသက အကြာကြီး တည် မနေ တော့ပါဘူး။

တချို့ ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့် ဒေါသကို ဆက်ကာ ဆက်ကာ ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့စကားတွေ ပြောချလိုက်မိရော။ မလုပ်သင့်တာတွေ လုပ်ချလိုက်မိရော၊ နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့တာပါ။ ဒီအခြေနေမျိုး ရောက် သွား ရင် သိပ်ကြောက်ဖို့ ကောင်းတာပါ။

ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယ အမျိုးအစားတော့ ပါအောင် ကြိုးစားရမှာပါ။

ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။ ကိုယ်ရှေ့မှာရှိတဲ့ ခွက် ကလေးကို ထိုင်ကြည့်နေသလို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့ ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှ မိအောင် ကြည့်နေလိုက်ဖို့ပါ။ ဒေါသလေးက ဘယ်လိုလေးလဲ။ ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့ သဘော လေးကို သိနေလိုက်ဖို့ပါပဲ။

ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်က လည်း ပြောလိုက်ပါဦး။"ကိုင်း… ဒေါသရေ ကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို စိုက်ကြည့်နေမှာပဲ" လို့ပြောပြီး ဒေါသကို သေချာသာစိုက်ကြည့်နေလိုက်ပါ။ မျက်စိနဲ့ကြည့်ရမှာတော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြည့်နေ ရမှာပါ။ ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကလေးကို သေချာစိုက်ကြည့်နေရင် ခွက်ကလေးရဲ့ သဘောလေးကို သိရသလို ဖြစ်နေတဲ့ ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုသဘော လေး ဖြစ်နေတာလဲ ဆိုတာ သိအောင် ကြည့်ရမှာပါ။

သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊ ကြည့်ပါ ကြည့်ပါ များလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ ဒေါသဖြစ်လာရင် ဒေါသကို ပြန်ကြည့်နေလိုက်ဖို့ပါ။

အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက် တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက် တာပါပဲ။

မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့ ။ မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။

ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီး လွယ်သွားလိမ့် မယ်။ မခက်လှတဲ့ ကျင့်စဉ်လေးကို လက်တွေ့ကျင့်သုံးကြည့်သင့်ပါတယ်။ ကျင့်နေတဲ့ အချိန် မှာ တစ်ဖက်ကလည်း "ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာဘုရား ကို အကျင့်နဲ့ ပူဇော်နေတယ်"လို့ နှလုံးသွင်းနေလိုက်ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော် နေတာဆိုတော့ မြတ်စွာဘုရားရဲ့ မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာ ဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီး မဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က မြတ်စွာဘုရားကို အနှို်င်းမဲ့ ကြည်ညိုထားရလို့ပါ။

"ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်လိုက်လိုက်"၊ "ဒေါသဖြစ်လိုက်တာနဲ့ သိလိုက်ပြိး မြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်လိုက်"နဲ့ ကြာလာတော့ ဒုတိယ အမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ဆက်လက်ပြီး ကျင့်သွားမယ်ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာတောင် ပါသွားတော့မှာပါ။

အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့ ထပ်ကာ ထပ်ကာ ဆိုနေလိုက်ပါ။ တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း "ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသ ဖြစ်နေတယ်"လို့ အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ကိုယ်အော်နေတဲ့အခါ အနားမှာ လူမရှိဖိုတော့ လိုပါတယ်။ လူကင်းတဲ့ တစ်နေရာကို သွားအော်ပါ။ ရွတ်ဆိုရင်းနဲ့ အသိဉာဏ် ၀င်လာတဲ့အခါ ဒေါသက လျော့သွားတာ များပါတယ်။

အဓိက ကတော့ ဒေါသကို ပယ်ချင်တဲ့ စိတ်ရှိဖို့ ပါပဲ။ ပုထုဇဉ်အလျှောက် ဒေါသကို မပယ်နိုင်သေးလို့ ဒေါသဖြစ်နေရသေးပေမယ့် ကိုယ်က ဒေါသကို ပယ်ချင်စိတ်ရှိဖို့ပါပဲ။ ပယ် ချင်စိတ်ကို အခြေခံပြီး ရွတ်နေရင် လျော့လျော့သွားတာ များပါတယ်။

နောက်တစ်ခု သတိ ထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရ သူနဲ့ ဘာစကားမှ မပြောမိအောင်ရယ်၊ ဘာမှ မလုပ်မိအောင်ရယ် အထူးသတိထားရပါမယ်။ ဒေါသထွက်နေတုန်း ပြောလိုက် ပြုလိုက်ရင် မှားသွားတာများလို့ပါ။

စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရ ကြောင့်ပါတဲ့။

အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ၊ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။

ကိုယ်မနှစ်သက်တဲ့အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစာ၊ ကိုယ်မနှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက် တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။

နောက်တစ်ခုက အယောနိသောမနသိကာရ = နှစ်လုံးသွင်းမှားမှုကြောင့်လည်း ဖြစ်ရ ပါတယ်။

ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကို မမြင်အောင် မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။

စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသော မနသိ ကာရ ကြောင့်လို့ ဆိုပေမယ့် အယောနိသောမနသိကာရ အဓိကကျပါတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံနဲ့ တွေ့ဦးတော့ ယောနသောမနသိကာရနဲ့  နှလုံးသွင်း လိုက်ရင် ဒေါသ မဖြစ်တော့ပါဘူးတဲ့။

ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထားရမှာပါ။ ကြုံလာတဲ့ အာရုံတိုင်းကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်ရင် ဒေါသဖြစ်နိုင် စရာ မရှိတော့ပါဘူး။

စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ် ပါတယ်။ ပတ်ဝန်းကျင်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင် မြောက် ၀ဲ ယာကနေ ပေါ်ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။

ဒါတွေကိုထောက်ပြီး ဒေါသမဖြစ်ချင်တဲ့သူဟာ ယောနသောမနသိကာရကို လက်ကိုင်ထားရမှာပါ။

ဒီတော့ ကိုယ်မနှစ်သက်တဲ့ အာရုံကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းတဲ့ အလေ့လေးကို ထပ်ကာ ထပ်ကာ လေ့ကျင့်ထုံနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့ ရချင်မှ ရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ ရင့်ကျက် သွားတော့မှာပါ။

ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့ "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါ ခြောက်ခါလောက် ဆင်ခြင်ပစ် လိုက်ပါ။

ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။ ဇာတ်ဝတ္ထုတွေ ထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ကူးသွားတာ၊ တရားထူး၊ တရားမြတ် ရသွားတဲ့
သာဓကတွေ အများရယ်ပါ။ ဆင်ခြင်မှုက တရားထူး၊ တရားမြတ် ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။ ဒီတော့ ရတာ မရတာထား၊ ဆင်ခြင် စရာရှိတာ တင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ ဆင်ခြင်မှုရဲ့ အကျိုးကိုတော့ ခံစား ရပါလိမ့်မယ်။

ဒေါသ ပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။ ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။

ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ "ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို သေချာထိုင်ကြည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့ ဒေါသကလေးကို စိုက်ကြည့် နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင် တစ်နေ့သောအခါမှာ ဒေါသနည်းသူ တစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

ရဝေနွယ်(အင်းမ)

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

ဇူလိုင်၊ ၂၀၀၈

ကျမ်းကိုး

၁။ ဒေါသကထာ

(မောင်းထောင်ဆရာတော် ဘုရားကြီး)

၂။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်

(လောဘ၊ ဒေါသ၊ မောဟ)

စိတ်ညစ်ရင် ရေချိုးပါ

တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တော့အုပ်တစ်ခုကို ဖြတ်သန်းသွားရမှာပါ။ အဲဒီ တောအုပ်ထဲမှာ ဓားပြ သူခိုးတွေကလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့ လုပ်ထုံးအစဉ်အလာ တစ်ခုက သားအဖနှစ်ယောက် လာရင် သားကိုဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့် လာရင်လည်း ဆရာကို ဖမ်းပြီး တပည့်ကို အိမ်ငွေပြန်ယူစေပါတယ်။ ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက “ငါ့သား ဓားပြသူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ ပြော” လို့ မှာပါတယ်။

ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ ဓားပြသူခိုးတွေနဲ့ တွေ့ပါတယ်။ တွေ့တော့ သားအဖ နှစ်ယောက်ကို ဖမ်းပြီး “သင်တို့ဘာတော်သလဲ” လို့ မေးတော့ သားလုပ်တဲ့သူက “ဘာမှမတော်ဘူးလို့” ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သားအဖနှစ်ယောက် တောအုပ်က ထွက်ခွင့်ရပြီး ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။ နားရမယ့်နေရာမှာနားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့ တာကို ပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂ ဖြစ်ပြီး “ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ” ဆိုပြီး ရပ်လျက် ၀ိပဿနာပွားလိုက်တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။ (ငါးရာ့ငါးဆယ်၊ ပါနီယဇာတ်)

ရေချိုးလိုက်လို့ တရားထူး တရားမြတ်ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ်ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမယ့် ရေချိုးလိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့ စိတ်ကော ရုပ်ပါကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက်
တရားအားထုတ်ရတာလည်း ပိုပြီးအဆင်ပြေ သွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ ပေးတာဆိုတော့ စိတ်ညစ်တာလောက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဒါက၀တ္ထုသာဓကလေးကို ကိုင်ပြောတာပါ။ စာနဲ့ ကိုင်ပြောမယ် ဆိုရင်လည်း ၀ိဘင်းအဋ္ဌကထာမှာ ပညာပွားကြောင်း (၇) ပါးကို ပြထားပါတယ်။ အင်္ဂါ (၇) ပါးမှာ ဒုတိယ အင်္ဂါက ဉာဏ်ပညာပွားဖို့ အတွက် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးပါတဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကို လည်း အကျယ် ပြန်ရှင်းပြထားပါတယ်။

ဆံပင်တွေရှည်နေမယ်၊ ခြေသည်းလက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ကြေးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေရှိနေမယ်၊ ဒါဟာအတွင်းဝတ္ထုမသန့်ရှင်းတာပါ။

နောက် ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်း နေမယ်။ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန်ကြဲနေမယ်။ ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊ စာအုပ်တွေ ပြန့်ကျဲနေမယ်။ အမှိုက်တွေ ရှိနေမယ်။ ဒါဟာ အပြင်ဝတ္ထု မသန့်ရှင်းတာပါ။

အဲဒီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မယ်။ စိတ်ရှုပ်လာရင် ဉာဏ်အမြင် မကြည်လင်တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာ မပျော်ရွှင်တော့ပါဘူး။

ဒါကြောင့် ဆံပင်တွေ ရှည်နေမယ်၊ ရှုပ်ထွေးညစ်ပတ်နေမယ်ဆိုရင် ညှပ်စရာရှိတာ ညှပ်၊ လျှော်စရာရှိတာ လျှော်ပေးရမယ်။ ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ဂျီးတွေ ရှိနေရင် ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ်ထဲမှာ လေဆိုးတွေ အပူ အပုပ်တွေရှိနေရင် နားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး ၀မ်းသက်စေတဲ့ ဆေး စသည်စားပြီး ခန္ဓာကိုယ် ပေါ့ပါးအောင် လုပ်ပေးရပါမယ်။ ဒါက အတွင်းဝတ္ထု သန့်ရှင်းအောင် လုပ်ပေးတာပါ။

နောက် အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့ အသက်ဆိုးတွေရှိနေရင် လျှော်ပေးရမယ်။ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေကို လျှော်စရာရှိတာလျှော်၊ နေလှန်းစရာရှိတာ လှန်းပြီး ပေးရပါမယ်။ အခန်းထဲမှာ ရှုပ်ပေပွနေရင် အခန်းသန့် ရှင်းရေး လုပ်ပေးရပါမယ်။ ဒါက အပြင်ဝတ္ထု သန့် ရှင်းအောင် လုပ်ပေးတာပါ။

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေရင် စိတ်ကြည်လင်လာပါလိမ့်မယ်။ စိတ်ကြည်လင်လာရင် ဉာဏ်ပါ ကြည်လင် လာတော့တာပါ။

တရားအားထုတ်တဲ့ ယောဂီကော၊ စီးပွားရေးလုပ်နေတဲ့ သူကော၊ ကျောင်းသူ ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုတစိုက် လုပ်ပေးနေရပါမယ်။

ဥပမာ – ရေချိုးပြီး တရားထိုင်တာနဲ့ ရေမချိုးဘဲ ချွေးသံတရွှဲ ရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီးထိုင်လို့ ကောင်းမလဲ? ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ ခေါင်းမလျှော်ပဲ ဆံပင် ဖွာလန်ကြဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီး စိတ်ကြည်လင်မလဲ? အထူးပြောနေစရာ မလိုတော့ပါဘူး။ သိပ်သိသာပါတယ်။

ရေချိုးပြီးမှ တရားထိုင်ရင်ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်း ပိုပြီး ကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။

ဒီလိုပါပဲ။ ကျောင်းသား တစ်ယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့ အတွက် ပိုပြီး ဉာဏ်သက်ဝင်သလို စာကျက်လို့ လည်း ပိုကောင်းနေပါလိမ့်မယ်။

ကိုယ်က ဒီသဘောလေးတွေကို အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းအောင် မကြာခဏ လုပ်ပေးနေရပါမယ်။

စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊ စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။

တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့ အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။ အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။ ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသား အ၀တ်လေးကို ၀တ်လိုက်ပါ။ အားလုံးပြီးတာနဲ့ အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပါယဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ “မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံး တော်မူပါဘုရား” လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာအားနာနေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။ မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။ စိတ်ဓာတ်အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်းထားရမှာပါ။ အားလုံးပြီးရင် လက်အုပ်ချီထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ. ဒါဆိုရင် စိတ်ချမ်းသာလာပါ လိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။ စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆိုစိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။ ကိလေသာ မကင်းသရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့
နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။ ရေချိုးလိုက်တာကတော့ သိပ်ပြီး မခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။ “စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာလေး ပွားလိုက်၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက် ဂုဏ်တော်မေတ္တာလေး ပွားလိုက်” နဲ့ ကျင့်ပါများသွားရင် အထုံဖြစ်သွားပါလိမ့်မယ်။ အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင်လုပ်ထားရပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့ အကုသိုလ်မကင်းတဲ့ တခြားတစ်ခုခုကို သွားလုပ်မယ်ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။ မကောင်းတာ စွဲသွားရင် ဖြတ်ရတာခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီးပါ။ တွေ့ဖူး မြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက်ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင်တော်ပါရဲ့။ “ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား” စသည်ဖြင့် အကုသိုလ် မကင်းတဲ့ အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။

ကဲထားပါတော့။ တစ်ယောက်ယောက်ဆီဖုန်းဆက် အကြံဉာဏ်တောင်းလို့ ကိုယ်အကြံတောင်းတဲ့ သူက “လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝ လန်းသွားစေရမယ်” ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။ ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊ ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။

စိတ်ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ။ အဲဒီအထဲကမှ ကောင်းတဲ့ ထွက်ပေါက်လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။ စိတ်ညစ်ရင် အခြားတစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့
ထွက်ပေါက်လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့်ထားနိုင်ရပါမယ်။

တကယ်တော့လည်း တရားသဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ်တာလည်း အမြဲတည်မနေနိုင်ပါဘူး. ကာလတစ်ခုပါပဲ။ ကိုယ်က မမြဲတဲ့ သဘောတရားလေးကို သေချာသဘောပေါက်ပြီး စိတ်ညစ်တာကို အကြောင်းပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။ စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ။ ရေမချိုးခင်မှာဘဲ ဘုရားပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်း ရပါသေးတယ်။ စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ်ရမှာပါ။

ကာလတစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့်လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။

ဒီကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ်တွေအနေနဲ့  ပါသွားတော့ မှာပါ။ အထုံဝါသနာဆိုတာ နောက်ဘ၀အထိ လိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ်ပါရမီတွေ ပြုဖြစ်နေဦးမှာပါ။ ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွားတော့မှာပါ။

အဓိကကတော့ ဘယ်လိုအာရုံပဲကြုံလာကြုံလာ၊ ကြုံလာတဲ့အာရုံကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွား ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်၊ လေ့ကျင့်ထားဖို့ပါ။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။ နောင်ဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။

ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာလာပါလိမ့်မယ်။

ရဝေနွယ်၊အင်းမ၊
*ကျမ်းကိုး။*
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရား၊ သပြေကန်ဆရာတော်။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊ တိပိဋကမင်းကွန်းဆရာတော်။